Friday, June 13, 2008

ရင်သွေးမျှော်...မျက်ရည် (၃)

ဝေးမြေရောက်နေ
သားတတွေကို
စားရေးသောက်ရေး
နေထိုင်ရေးက
ပူပန်ပေးနေ
အထွေထွေတို့ 
၈ ထပ်တိုက်ပေါ်
နေတဲ့ကျနော့်တို့ 
မေလ ၃ ရက်
မုန်တိုင်းတိုက်ည
မာမားအိပ်မှပျော်ရဲ့လား။

နိုင်ငံခြားခေါ်
ဒီကျွန်းပေါ်
ရောက်တာမကြာ
ကောက်ကာပြန်ချင်
ပြန်ရင်စော်ကား
မာမားစကား၊
သားရဲ့ ရပ်တည်ရာ
နေရာမှာ ဗဟိုပြုကာ
သားစွမ်းအားဖြင့်
လည်စေ..ဤကမ္ဘာမြေ၊
ထိုသို့ စွမ်းသူ
ပေါ်ခဲ့မူလည်း
ထိုစွမ်းအားရှင်
ကြီးပြင်းအောင်မွေး
မည်သူ့ သွေးဖြင့် စွမ်းသနည်း။

ကျေနပ်ပီတိ
ဖြစ်ရ ခန္ဒာ
ဒုက္ခ သစ္စာ
ရှင်ပင်ဟောလည်း
တောင်းဆို ချင်မိ
နောက်ထပ်ရှိက
နောင် ဘဝသာ
ရှိခဲ့ရင်
မာမားသားပဲ
ဖြစ်ချင်သည်။

ငှက်တူလေယာဉ်
ထွက်ခွာပျံသန်း
မိုင်ပေါင်းဝေးလည်း
ဧကန်တစ်နေ့ 
ဆိုက်ရောက်ရပ်နားရပေမည်
ထိုသို့ သိလည်း
ဩဂုတ် ၁၆
တပေါက်ပေါက်ကျခဲ့
မာမားမျက်ရည်
မတိတ်နိုင်သေး
မင်္ဂလာဒုံလေဆိပ်ကြီး၌
မမောတမ်းဖြင့်
ဟိုဟိုလျှောက်မေး
ရင်သွေးသားလတ်
ဘယ်နေ့ ရက်မှာ
ဘယ်လေယာဉ်ဖြင့်ဆိုက်မည်နည်း။

(လေဆိပ်မှ ရင်သွေးမျှော်...မျက်ရည် များအားလုံးကိုရည်စူး၍ မျက်ဝန်းထဲမှထွက်ခွာလာသောလေယာဉ်များ အတွက် ဆိုက်ရောက်ဖို့ ရန် အမြန်ဆုံး မိခင် မင်္ဂလာဒုံလေဆိပ်ကြီးဆီ နီးကပ်လာကြပါစေ။ bbk)













4 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

ထပ်တူနီးပါးတူနေတဲ့အဖြစ်တွေအတွက်ရင်
ထဲမှာခံစားပြီးဖတ်သွားပါတယ်အကိုရေ။မတူ
တာကတော့မေ့မှာမားမားမရှိတော့ဘူး။အကို
ချစ်တဲ့မားမားနဲ့မိသားစုတွေပျော်ရွှင်ချမ်းမြေ့
ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

အိတာ said...

အရမ်းကောင်းပါတယ် ....ထပ်တူခံစားရပါတယ်....ဆက်ရေးပါအုန်းနော် ...

အညာသား said...

အရမ်းကောင်းတဲ့ ကဗျာလေးပါပဲဗျာ။ ကဗျာဖတ်ပြီးတော့ အညာသားလဲ အညာကို လွမ်းတယ် :(

Unknown said...

ကျေနပ်ပီတိ
ဖြစ်ရ ခန္ဒာ
ဒုက္ခ သစ္စာ
ရှင်ပင်ဟောလည်း
တောင်းဆို ချင်မိ
နောက်ထပ်ရှိက
နောင် ဘဝသာ
ရှိခဲ့ရင်
မာမားသားပဲ
ဖြစ်ချင်သည်။ မိဘပေါ်ထားခဲ့တဲ့စိတ်ကကြီးမြတ်လှပါတယ် :)