Thursday, June 25, 2009

ဒီလိုပဲနေကြတော့မှာလား

ဒီလိုပဲနေကြတော့မှာလား


ဒိန်း…ဒိန်း…


အပေါက်တွေ.... ဂျိုင့် တွေ…


ဒိန်း…ဒိန်း…


ကားကလည်း ဂျိုင့်တွေတောင်မရှောင်ဘူးဆော်တာပဲ…ဒိန်း…လုပ်ပြန်ပြီ

ဒိုင်နာဆိုတော့တောက်ရမ်းကိုမောင်းတော့တာပဲ...ပြုတ်ကျမှာတောင်စိုးရသေး။

လူတွေကလည်းများလာလိုက်တာကွိုင်ပဲ…


“အနံတွေကလည်းမကောင်းဘူး…တိုးလိုက်တာကွာဘယ်လိုပြန်ပြောလိုက်ရမှန်း

တောင်မသိဘူးဘယ်လိုများဖြစ်နေကြလဲမသိဘူး… တောက်ရမ်းကို

တိုးနေတော့တာပဲ“


သူလှည့်ကြည့်လိုက်တယ်ဘယ်လိုလူလည်းပေါ့ဆိုတဲ့အကြည့်မျိုးနဲ့ …


“ပုံစံကတော့အတော်ကို စိတ်ပျက်စရာပဲ ကြည့်ချင်စရာကိုမရှိဘူး

အသားကမွဲမွဲဝတ်ထားတာကလည်းကဗိုကယိုနဲ့ ကဗိုကယိုဆိုတာထက်

သူခိုးဂျပိုးရုပ်ပေါက်တယ်....ဒါပေမဲ့ဒီလူကြည့်တာစည်ပင်ရုံးဝန်ထမ်းတယောက်ပုံပဲ

ဟွန်း...တယ်လည်းစိတ်ပျက်ပါရပါလားကွာ...ငါလည်းဘာတွေတွေးနေပါလိမ့်“


လို့ စိတ်ထဲက ရေရွတ်လိုက်မိပြီး လမ်းမပေါ်ကိုပဲကြည့်ရင်း...


ဘတ်စ်ကားတန်တိုင်အောက်ကနေ ခေါင်းငုတ်ပြီး အပြင်လေရှုရင်း

ကြည့်နေမိတယ်…


သိမ်ကြီးဈေးမီးပွိုင့်နားရောက်နေပြီပဲ…


လမ်းမပေါ်ကလူငယ်လေးသုံးယောက်…အ၀တ်ကတော့အပေါ်ပိုင်းမပါ…

အောက်ပိုင်းတော့ အတော်ဖန်တီးထားပုံရတယ်တယောက်ကတော့ဗိုက်ရွှဲရွှဲနဲ့

သံကောင်ဗိုက်နဲ့(ဖောင်းနေလိုက်တာ)တောင်းစားနေတဲ့လူငယ်လေးတစုကို

တွေ့ နေရတာစိတ်မကောင်း…


အခုတလောတောင်းစားသူတွေ၊ဆေးဖိုးလေးမပြည့်လို့ငါ့တူကြီးရယ်(၈၀၀)

လောက်လှူသွားပါအုံး၊ဦးလေးတို့မြေးအဖိုးနှစ်ယောက်ဘတ်စ်ကားခမရှိလို့…

ဆိုတာတွေတော်တော်လေးကို တွေ့ လာရတယ်။


တောင်းစားတယ်ဆိုလို့ သူ့ အတွေးထဲဝင်လာတာကဟိုနေ့ က

လက်ဖက်ရည်ဆိုင်ကသူ့ အဖြစ်…


ကိုယ်ကြီးတို့ ရယ်(အယ်…ဟုတ်ပါဘူးမှားလို့ ကိုကြီး…ဂလို့)ထမင်းဖိုးလေးသနားကျပါ

ထမင်းလည်းမစားရသေးလို့ ပါ ကိုကြီးတို့ ရယ်.. ဘာရယ်ပေါ့


မျက်နှာကတော့သနားကမားနဲ့ပဲစိတ်ထဲကတော့ပိုက်ဆံပေးလိုက်မလို့ပဲ

(သူကအဲလိုတောင်းသူတွေကိုပေးလေ့မရှိ)..၀ိုင်းထိုင်နေတဲ့သူတွေနဲ့စကားကလည်း

မပျက်၊မျက်လုံးချင်းအကြည့်ပျက်မှာစိုးတာရယ်…

စကားပျက်သွားမှာစိုးတာနဲ့… လက်ပဲခါပြလိုက်ရတယ်…


အဲတော့ မောင်မင်းကြီးသာက ဘာပြောတယ်မှတ်လဲ......


ကြည့်လိုက်ရင်အဲလိုပဲ ဒါတွေပဲ တနေ့ တနေ့ ပြောနေကြတာပဲပိုက်ဆံတောင်းလိုက်ရင်

လက်ခါပြမယ်သူတို့တော့စားနေလိုက်တာ…လူစိတ်ကိုမရှိကြဘူးဘာညာဆိုပြီး

သူတို့၃ယောက်ကိုဟောက်သွားလေရဲ့။သူ့မှာပါးစပ်အဟောင်းသားလေး

နဲ့ကျန်ခဲ့ရရှာတယ်…အော်မလွယ်ပါလား…လူတွေကသူတို့လဲတပါးသူဥစ္စာတောင်းသေး

မပေးတော့ပိုင်ရှင်အမှားပါလားနော်။သူတို့တိုင်းပြည်ကအဲလို…စာရေးသူတို့

တိုင်းပြည်နဲ့ကွာပါ့...:))


ခဏနေတော့လသာဂိတ်ပေါ့......လူတွေကလည်းမတရားကြီး…ကျပ်လာတော့

ရှေ့ကဒေါ်လေးတစ်ယောက်ကသူ့ လက်ထဲကချိုင်းပေးပေါ့သူကိုင်ပေးမယ်ပေါ့အဲတာနဲ့ 

သူလဲပေးလိုက်တာပေါ့သူများကစေတနာနဲ့ကိုင်ပေးမဲ့ဟာကိုငြင်းဖို့လည်းမသင့်ဘူးလေ

ပေးလိုက်တာပေါ့ရက်ရက်ရောရောကို…ကဲ အဲမှာ စတော့တာပဲ

သူအခု ရေးချင်တာတွေ....


ဘေးကလူတွေကြည့်လိုက်တော့လည်းချိုင့်လေးတွေကိုယ်ဆီနဲ့ အားလုံးနီးပါးဟာတနေ့

လုပ်မှ တနေ့စားရတဲ့လခစားလေးတွေကြီးတယောက်ကျော်နားကတယောက်ဆို

သူ့ထက်တောင်ငယ်အုံးမယ်ခန့်မှန်းကြည့်သလောက်ဆိုရင်စတိုးဆိုင်လုပ်သားလေး

ဖြစ်လောက်တယ်။


လခကလည်း...ရလှ...လခလေး၃သောင်း၎သောင်းရဖို့အရေး

တနေကုန်အောင်သူများဆီသွားပြီးကျွန်ခံ…ရလာတော့လည်းမိသားစုအတွက်တောင်

မကျန်ကိုယ့်ဖိုးသာအနိုင်နိုင်ဆိုတော့ဒီလူငယ်လေးရဲ့အနာဂတ်ကဘယ်မှာလဲ။


သူဝတ်ချင်တာသူ့သူငယ်ချင်းတွေဝတ်နေတာကို…သူလိုက်ဝတ်ချင်ခဲ့ရင်သူဝယ်

ဝတ်နိုင်ပါ့မလား။မ၀ယ်နိုင်ရင်သူဘာလုပ်လိမ့်မလဲ။သူစာရိတ္တကိုရောင်းစားလိမ့်မလား။

အဲတာကရောရောင်းလိုက်ရင်များများကျန်ပါ့မလား။ရောင်းလိုက်လို့ရော

ကောင်းပါ့မလား။ရောင်းရင်ဘာဖြစ်လာလိမ့်မလဲဒီလိုလူငယ်မျိုးတွေအများကြီး

သူထက်ဆိုးတဲ့လူငယ်တွေတောင်ရှိအုံးမယ်ဒါပေမဲ့လခစားဘ၀နဲ့ရုန်းကန်းနေရတဲ့

ဘ၀တွေကြားမှာညီလေးအဆင်ပြေပါ့မလား။


ညီလေးပညာရေးရောဘယ်လောက်ရောက်ခဲ့ပြီးခုရော ဘာတွေသင်ယူနေလဲ။


နောက်အရမ်းအရမ်းကိုတိုးတက်လာတော့မယ့်ခေတ်ကြီှးမှာတစ်လစာလေးနဲ့

စားပြီးအိပ်၊အိပ်ပြီးစားလုပ်နေတော့မှာလားညီလေး။

ညီလေးအတွက်ဘယ်လမ်းကြောင်းဟာသာယာပြီး၊ပြီးပြည့်စုံတဲ့ဘ၀ကို

ရောက်နိုင်ပါ့မလား။ညီလေးဘာတွေလုပ်နေသင့်သလဲဆိုတာကို

အစ်ကိုတယောက်အနေနဲ့တွေးကြည့်တယ်ခုလိုအပျက်ခေတ်ကြီးမှာကွာ........

စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။


သူစိတ်ထဲကနေတွေးပြီးမေးနေလိုက်တာတော်တော်လည်းကြာရောသူဆင်းမဲ့

ကားဂိတ်ကနီးလာပြီ.....


အဲမှာဘာသွားပြီး...မြင်မိလဲဆိုတော့…လူတွေအားလုံးနီးပါးလောက်ဟာခေါင်းလေးတွေ

ငုံ့ ပြီးကျပ်ကျပ်တည်းတည်းချွေးသံရွှဲရွှဲကြီးနဲ့ ....စီးနေကြရတယ်အဆင်မပြေလိုက်တဲ့

အနေအထားပဲအတွေးထဲမှာပေါ်လာတာက ငါတို့ တွေ …..


ခေါင်းငုံ့ ပြီးနေနေရတဲ့Positionနဲ့ ပဲတော်ပြီလားအဲလိုပဲနောင်လာနောက်သားတွေရော

ဒီလိုပဲဘ၀ခရီးနှင်ကြရမှာလား။


ငါတို့ခေတ်ကအဲလိုခေါင်းငုံ့ ပြီးကိုယ်လိုရာရောက်ဖို့ကျိတ်မှိတ်ပြီးမြင်သမျှကိုယ်နဲ့

မဆိုင်သလိုနေတတ်ရ၊နေကြရကြောင်းပြောပြကြမှာလား။


အဲလိုခေါင်းငုံ့ချည်းပဲမနေပဲအနေအထားကောင်းကောင်းနဲ့ကိုယ်လိုရာရောက်ဖို့

တမျိုးပြောင်းပြီးမကြိုးစားကြတော့ဘူးလား။


ကိုယ်လိုရာခရီးသွားနေစဉ်မှာပဲငတ်ပြတ်တောင်းစားလုယှက်ခိုးဝှက်စတဲ့

မကောင်းမှုတွေကိုကိုယ့်ပတ်ဝန်းကျင်းမှာနောက်ရာစုသစ်တွေထိတွေ့နေတာကို

လည်းခေါင်းငုပ်နေပြီး၊ကိုယ်အဲလိုဘ၀မရောက်ရင်ပြီးသာပဲလို့ဆိုပြီးညီလေးတို့လို့ 

တစ်လပုံမှန်ထမင်းစားဖို့ သာသာလောက်တဲ့လခလေးနဲ့လုပ်ကိုင်စားသောက်ရင်း

ခေါင်းငုံ့ခံနေကြတော့မှာလား။အဲဒီအတိုင်းခရီးဆက်သွားကြအုံးမှာလား။


ဒါဆိုကားအမိုးတွေကဒီထက်ပိုပြီးနိမ့်လာခဲ့ရင်ထပ်ငုံ့ပေးကြအုံးမှာလား။


စပယ်ယာပိုဆိုးလာပြီးကိုယ့်ရပိုင်ခွင့်ဖြစ်တဲ့ မေ့ချင်ဆောင်ထားတဲ့ပြန်အမ်းငွေတွေအပေါ်

ပေါ်တင်ပဲမပေးဘူးတိုင်ချင်ရာတိုင်လို့ဆိုလာရင်ရော။မရှိမဲ့ရှိမဲ့လခလေးထဲက

ပဲ့ပါနေတာကိုသိလိုက်ပါ့မလား။


ဒီအတိုင်းသာဆက်နေကြမယ်ဆိုရင်တော့နောက်လာမယ့်ဆယ်ရာစုနှစ်၂ခုများဟာ

ပုံသွင်းပြီးသားခေါင်းငုံ့ခံလူတန်းစားတစ်ရပ်ဟာသိသိသာသာကြီးကို

ဖောင်းပွလာတော့မှာသေချာပါပဲ။


ဘတ်စ်ကားကျပ်တည်းခြင်း၊သွားလိုရာခရီးကိုမသက်သာလည်းအောင့်အီးပြီး

သူတို့မျက်နှာကြည့်ကာခေါင်းငုံ့နေနေပါ့မယ်ဆိုတဲ့ဘ၀ထဲကခရီးသည်များအမြန်ဆုံး

ကိုယ်ဘယ်ဘ၀မျိုးမှာအသက်ရှုကျပ်ကျပ်နဲ့သွားနေလာနေရတယ်ဆိုတာမြင်မိလာပြီး

သူတို့ရဲ့ကိုယ့်ပိုင်အခွင့်ရေးရပိုင်ခွင့်တွေနဲ့ဘ၀ခရီးသက်သာရာအမြန်ရကြပါစေလို့…

သူဆုတောင်းနေမိရင်းလက်ထဲကချိုင့်လေးကိုတရမ်းရမ်းနဲ့အိမ်ပြန်လာခဲ့တော့တယ်။


စာရိတ္တပျက်ပြားနေသောအစိုးရ၀န်ထမ်းများ၊ငတ်ပြတ်တောင်းရမ်းနေသူများနဲ့

တစ်လစာလခ လေးနဲ့ပညာရေး၊ပျော်ရွှင်ဖွယ်လူငယ်ဘ၀လေးတွေကိုမြုပ်နှံထားရတဲ့

ညီလေးအများစုတို့…. သူနဲ့အတူ…လမ်းချိုင့်တွေအဖုတွေ…အပေါက်တွေနဲ့ဆိုးဝါးလှတဲ့

ရန်ကုန်မြို့လမ်းမကြီးပေါ်မှာ အမြန်ဆုံးလွတ်လပ်ချောင်လည်သောအနေထားနဲ့ 

ခရီးသွားနိုင်ကျပါစေ။


ဆုတောင်းလျှက်

ခြေရာ

2 comments:

Dream said...

တော်ပြီ တော်ပြီ ... ပြန်မလာတော့ဘူး...အဟီးးး

ကိုယ်ပိုင်ကား စီးနိုင်တဲ့ အချကျမှဘဲ လာနေတော့မယ်..:P

Unknown said...

အရေးအသားကတော့ကောင်းပါတယ်..ဒါပေမယ့် စာသားတွေကမောက်ကမဖြစ်နေသေးတယ်ငါ့ညီရေ။ ထိထိမိမိလေးရေးပါလား။